Sunday, June 19, 2016

နိုင်ငံအဆင့် အသည်းရောဂါစီမံကိန်းကို ယခုနှစ်အတွင်းစတင်နိုင်ရန် လုပ်ဆောင်နေပြီး လူဦးရေ၏ ခြောက်ရာခိုင်နှုန်းကျော်မှာ အသည်းရောင် အသားဝါ 'ဘီ' ပိုး ကူးစက်ခံထားရ

နိုင်ငံအဆင့် အသည်းရောဂါစီမံကိန်းကို ယခုနှစ်အတွင်းစတင်နိုင်ရန် လုပ်ဆောင်နေပြီး လူဦးရေ၏ ခြောက်ရာခိုင်နှုန်းကျော်မှာ အသည်းရောင် အသားဝါ 'ဘီ' ပိုး ကူးစက်ခံထားရ

     နိုင်ငံအဆင့် အသည်းရောဂါစီမံကိန်းကို ယခုနှစ်အတွင်း စတင်နိုင်ရန် လုပ်ဆောင်နေပြီး နိုင်ငံ့လူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းမှာ အသည်းရောင်အသားဝါ 'ဘီ' ပိုး ကူးစက် ခံထားရကြောင်း အသည်းဖောင်ဒေးရှင်းမှ သိရသည်။

“နိုင်ငံအဆင့် အသည်းရောဂါစီမံကိန်းတစ်ခု စတင်နိုင်ဖို့ဆိုရင် ဒီနိုင်ငံမှာ အသည်းရောဂါက ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေပြီလားဆိုတာ အရင်စမ်းသပ်မှုတွေလုပ်ရတယ်။ ကမ္ဘာမှာ အသည်းရောင်ရောဂါ ဘီနဲ့စီက သန်း ၄၀၀ ကျော်တဲ့ လူဦးရေမှာ ရှိနေတယ်။ ၁ ဒသမ ၅ သန်းလောက်က ဘီနဲ့စီကြောင့် နှစ်စဉ် သေဆုံးနေရတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံတိုင်းက အစိုးရတွေက အသည်းရောဂါစီမံကိန်းတွေကို အကောင်အထည် ဖော်သင့်တယ်လို့ ပြောထားတယ်။ ဒီလိုစီမံကိန်းတွေရှိမှ ရောဂါရှိတဲ့သူတွေ အခမဲ့ကာကွယ်တာ၊ ကုသတာမျိုးတွေ ရနိုင်မယ်။ အခု မြန်မာနိုင်ငံမှာ ငှက်ဖျားစီမံကိန်း၊ အိပ်ခ်ျအိုင်ဗွီ စီမံကိန်းဆိုတာတွေရှိတော့ ရောဂါကာကွယ်တာတွေ၊ ကုသတာတွေအတွက် အထောက်အကူတွေရပြီး လူနာတွေကို အခမဲ့ကုသတာမျိုးတွေ လုပ်ပေးနိုင်တယ်။ ဒါကြောင့်  အခု အသည်းရောဂါ စီမံကိန်းကိုလည်း ဒီနှစ်အတွင်းမှာ စတင်နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်” ဟု အသည်းဖောင်ဒေးရှင်းမှ ဒေါက်တာခင်ပြုံးကြည်က ပြောကြားသည်။


၂၀၁၅ ခုနှစ်အတွင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသည်းရောင်အသားဝါဘီ၊ စီဖြစ်ပွားမှု အခြေအနေ လေ့လာ သုတေသန ပြုလုပ်ချက်အရ အသည်းရောင် အသားဝါဘီပိုးကို လူဦးရေများပြားသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားမှုအများဆုံး တွေ့ရပြီး သုတေသနအရ အသည်းရောင် အသားဝါ ဘီ၊ စီ ယှဉ်တွဲဖြစ်ပွားနေသူများ ပင်ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါစစ်တမ်းကို ၂၀၁၅ ခုနှစ် မေ မှ နိုဝင်ဘာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် အသက် ၁၅ နှစ်မှ ၈၀  အတွင်းရှိ လူဦးရေ စုစုပေါင်း ၅၅၄၇ ဦးကို သွေးဖောက်စစ်ဆေးပြီး အသည်းရောင် အသားဝါဘီ နှင့် စီ ရှိ မရှိ စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးမှုတွင်ပါဝင်ခဲ့သည့် လူဦးရေ၏ ထက်ဝက်ကျော်မှာ အသက် ၂၀ မှ ၃၉ နှစ်အတွင်း ရှိသူများဖြစ်ပြီး ရာခိုင်နှုန်း ၇၀ ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း၊ အသည်းရောင် အသားဝါဘီ ဗိုင်းရပ်စ်ပိုး တွေ့ရှိရမှုမှာ ပျမ်းမျှအားဖြင့် လူဦးရေ ၁၀၀ လျှင် ခြောက်ဦးနှုန်း၊ အသည်းရောင် အသားဝါစီဖြစ်ပွားမှုနှုန်းမှာ လူဦးရေ ၁၀၀ လျှင် သုံးဦးနှုန်းနှင့် အသည်းရောင် အသားဝါဘီနှင့် စီ နှစ်မျိုးလုံး ယှဉ်တွဲဖြစ်ပွားမှုနှုန်းမှာ လူဦးရေ ၁၀၀ လျှင် သုည ဒသမ ၀၄ ရာ ခိုင်နှုန်းခန့်ရှိနေကြောင်း သုတေသန ပြုလုပ်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အသည်းရောင် အသားဝါဘီပိုး တွေ့ရှိမှုနှုန်း အများဆုံးဖြစ်နေပြီး လူဦးရေ ၁၀၀ လျှင် ၁၃ ဦးနီးပါးအထိ ဖြစ်ပွားနေကြောင်း၊ အသည်းရောင် အသားဝါ စီပိုး တွေ့ရှိမှု အများဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး လူဦးရေ ၁၀၀ လျှင် ၁၀ ဦးနှုန်း ဖြစ်ပွားနေကြောင်း သိရသည်။

 မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းအနေဖြင့် စစ်တမ်းကောက်ယူမှုများသာမက စစ်တမ်း ကောက်ယူစဉ်ကာလအတွင်း အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယင်းဖောင်ဒေးရှင်းသည် သွေးမကြာခဏသွင်းရသည့် ဝေဒနာရှင်များ၊ မိဘမဲ့ဂေဟာများနှင့် ဘုန်းကြီးကျောင်းများတွင် လအလိုက် ဘီပိုးကာကွယ်ဆေးများ အခမဲ့သွားရောက်ထိုးနှံ ပေးလေ့ရှိကြောင်း သိရသည်။            
Writer: 
အိသဉ္ဇာကျော်
     
banner
Previous Post
Next Post

0 comments: