Wednesday, June 22, 2016

ပါးစပ်ကို တိပ်ဖြင့်ပတ်ကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ယာဉ်မောင်းကို BE တပ်ရှေ့တွင် တွေ့ရှိ

ပါးစပ်ကို တိပ်ဖြင့်ပတ်ကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ယာဉ်မောင်းကို BE တပ်ရှေ့တွင် တွေ့ရှိ

    မင်္ဂလာဒုံမြို့နယ် ပြည်လမ်းဘေးရှိ အမှတ် (၉၈) BE တပ်ရှေ့တွင် ဇွန်လ ၁၉ ရက် နံနက် ၈ နာရီခွဲက အငှားယာဉ်တစ်စီးပေါ် ပါးစပ်တိပ်ဖြင့်ပတ်လျက် ရင်ညွန့်ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသော အသက် ၅၀ ကျော်အရွယ် အငှားယာဉ်မောင်း အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ အငှားယာဉ်အတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသူမှာ ကမာရွတ်မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ စံရိပ်ငြိမ် (၂) လမ်းတွင် နေထိုင်သော အသက် ၅၄ နှစ်အရွယ် ဦးမြင့်ဆွေ ဖြစ်ပြီး ဇွန်လ ၁၈ ရက်နေ့က TATA အမျိုးအစား အငှားယာဉ်ဖြင့် တက္ကစီဆွဲရန် နေအိမ်မှ ထွက်သွားရာမှ ပျောက်ဆုံးနေခဲ့သူ ဖြစ်ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ယာဉ်မောင်းရဲ့ ပါးစပ်ကို တိပ်အဖြူရောင်နဲ့ပတ်ပြီး ရင်ညွန့်ကို ချွန်ထက်တဲ့အရာ နှစ်ချက်ဆင့် ထိုးသတ်ခဲ့တာ၊ အသတ်ခံရသူ ယာဉ်မောင်းက ရုန်းကန်ခဲ့လို့ ထင်တယ်၊ လက်မှာ ပြတ်ရှဒဏ်ရာတွေ တွေ့ခဲ့တယ်၊ လူသတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူနဲ့ ရန်ငြိုးရန်စ ရှိခဲ့သူတွေကို လိုက်လံစုံစမ်းနေပြီး ခိုး၊ ဆိုး၊ လု၊ နှိုက် အမှုဟောင်း ကျူးလွန်ခဲ့သူတွေကိုပါ ခေါ်စစ်ဆေးနေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
TATA အငှားယာဉ်အတွင်း အသတ်ခံရသည့် ယာဉ်မောင်းအမျိုးသား၏ ရုပ်အလောင်းကို အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ပြီး မင်္ဂလာဒုံ မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
credit:thevoicemyanmar
banner
Previous Post
Next Post

0 comments: