Wednesday, April 9, 2014

နိုင်ငံယဉ်ကျေးမှုအသစ်နှင့် သမီးကလေးကျေးရွာ၏ ဖြစ်ထွေ

                 လွန်ခဲ့တဲ့အပတ်က သတင်းစာတစ်စောင်မှာ သမ္မတဦးသိန်းစိန်ပြောကြားခဲ့တဲ့ သမ္မတသက်တမ်း သုံးနှစ် ပြည့်မိန့်ခွန်းကို ဖတ်ခဲ့ရတယ်။ ထိုမိန့်ခွန်းထဲမှာ သမ္မတက အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင် ဆောင်တဲ့ အမြင်သဘောထားတွေကို ကိုင်စွဲခြင်းမပြုဘဲနဲ့ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကာ လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့ပြင် သမ္မတက “သုံးနှစ်ပြည့်မြောက်တဲ့ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်အသွင် နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင်ခဲ့ပြီဆိုတာကို အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ တယ်။
ကျွန်တော် သမ္မတပြောကြားသွားခဲ့တဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်အကြောင်းကို အနက်ဖွင့်ဖို့ စဉ်းစားနေချိန်မှာပဲ ထိုဝေါဟာရကို လက်တွေ့ သရုပ်ဖော်ပြသလိုမျိုးဖြစ်တဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။
ထိုသတင်းကတော့ “ရှစ်ဆယ့်ရှစ်မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း” ရဲ့ နံပါတ်နှစ်ခေါင်းဆောင်လို့ ယူဆရတဲ့ (နံပါတ်တစ် ဖြစ်ချင်လည်း ဖြစ်မှာပေါ့) ဦးကိုကိုကြီးနဲ့ သူ့ရဲ့ သတို့သမီးတို့က နေ ပြည်တော်ရှိ သမ္မတရုံးကို သွားရောက်ပြီး သမ္မတဦးသိန်းစိန်ကို မင်္ဂလာဆောင်ဖိတ်စာပေးတဲ့သတင်းပါ။ သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးအောင်မင်းက ကိုကိုကြီးတို့မင်္ဂလာမောင်နှံကို သမ္မတကပေးတဲ့ မင်္ဂလာ လက်ဆောင် အထုပ်တစ်ခုကိုပေးနေတဲ့ သတင်းဓာတ်ပုံကိုလည်း တွေ့ရပါတယ်။
ဓာတ်ပုံထဲမှာတော့ ထုံးစံအတိုင်းပဲ ကိုကိုကြီးတို့မောင်နှံက သွားတွေအားလုံးပေါ်တဲ့အထိ ပြုံးရယ်လို့ပေါ့။ သို့ပေမယ့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ မျက်နှာကတော့ ခပ်မဲ့မဲ့ ဖြစ်နေတာ တွေ့လေရဲ့။
ထိုသတင်းနဲ့ ဓာတ်ပုံလို ဖြစ်ရသူတွေထဲက အချို့က “သမ္မတကြီးကပေးတဲ့ မင်္ဂလာလက်ဖွဲ့ဆိုတော့ ကား သော့လောက်တော့ဖြစ်လိမ့်မယ်”လို့ ထင်ကြေးပေးကြတယ်။ တချို့ကလည်း အနည်းဆုံးတော့“စိန်လက် စွပ်လောက်တော့ ဖြစ်မယ်ထင်ပေါ့”လို့ ပြောကြပြန်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်စိတ်ထဲမှာတော့ “သမ္မတကြီးပြောတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်ဆိုတာ ဒါပဲ နေမယ်ထင်တယ်”လို့ ကောက်ချက်ချလိုက်မိပါတော့တယ်။
ကျွန်တော်ဟာ မကြာမတင်မီကမှ မျက်ဝါးထင်ထင် တွေ့ရှိခဲ့ရတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ်အကြောင်း ကို အနုလုံပဋိလုံ သုံးသပ်ရင်း ပီတိတွေ တစိမ့်စိမ့် ပွားများမိနေချိန်မှာပဲ ဗြုန်းကနဲပဲ နွေခေါင်ခေါင် မိုးကြိုး ပစ်ချလိုက်တာကို မြင်တွေ့ရသလိုပါပဲ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအနာဂတ်အတွက် ထိတ်လန့်တုန်လှုပ် ဖွယ် သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။
ထိုသတင်းကတော့ တပ်ပိုင်ဆိုပြီး အဓမ္မဖယ်ရှားခံခဲ့ရတဲ့ သမီးကလေးကျေးရွာနဲ့ အနီးဝန်းကျင် ကျေးရွာ တွေက ရွာသားတွေရဲ့ “ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ”လို့ ဆိုရမယ့်သတင်းပါ။ ရန်ကုန်တိုင်းဒေသ ကြီး လှည်းကူးမြို့နယ်အတွင်းမှာရှိတဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အခြေချနေထိုင်ခဲ့ကြတဲ့ သမီးကလေး ကျေးရွာသားတွေဟာ လွန်ခဲ့တဲ့ဖေဖော်ဝါရီလ ၄ ရက်က သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေက ၎င်းတို့နေထိုင်တဲ့နေရာဟာ တပ်ပိုင်မြေလို့ဆိုပြီး အဓမ္မ ဖယ်ရှားခံခဲ့ကြရတယ်။
သမီးကလေးကျေးရွာသူကျေးရွာသားတွေဟာ ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည်အနီးက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ယာယီတဲတွေထိုးပြီး ခိုလှုံခဲ့ကြရတယ်။ သူတို့ဟာ အလှူရှင်တွေလှူဒါန်းတဲ့ အစား အစာတွေကိုသာ လက်ခံစားသောက်ပြီး နေခဲ့ကြရတယ်။
သို့ပေမယ့် အာဏာပိုင်တွေက ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ယာယီတဲတွေထိုးပြီး နေထိုင်နေတာကို အကြိမ်အကြိမ် ဖိအားပေးပြီး ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းအတွင်းမှ ထွက်ခွာသွားဖို့ အမိန့်စာတွေ ထုတ်ပြန်ပြီး အကြိမ်ကြိမ် ဖိအားပေးခဲ့တယ်။
ဖေဖော်ဝါရီ ၆ ရက်မှာတော့ သမီးကလေးကျေးရွာမှ ဖယ်ရှားခံခဲ့ကြရတဲ့ ရွာသူရွာသားတွေကို ပဲခူးတိုင်း အတွင်းမှ အပြီးအပိုင်ထွက်ခွာဖို့ အမိန့်ထုတ်ခဲ့ပြန်တယ်။ ထိုအခါမှာ ရွာသားတွေက မိမိတို့ရဲ့ သားသမီးလေးတွေ စာမေးပွဲပြီးတဲ့အထိ အောင်သိဒ္ဓိဘုန်းကြီးကျောင်းအတွင်းမှာ နေထိုင်ခွင့်ပြုဖို့ မေတ္တာရပ်ခံခဲ့ကြတယ်။
ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ရဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောသန်းအောင်ကနေ အိမ်တွေဖျက်သိမ်းခံကြရတဲ့ သမီးကလေးကျေးရွာမှ ရွာသူရွာသားတွေကို ကရင် ပြည်နယ်ကို ခေါ်ဆောင်သွားပြီး ထိုဒေသမှာ နေထိုင်စရာနဲ့ အလုပ်အကိုင်တွေ ပေးမယ်လို့ ကမ်းလှမ်းခဲ့ တယ်။
သို့ပေမယ့် သမီးကလေးရွာသားတွေကတော့ အစိုးရက မိမိတို့ကို သိပ်မဝေးလှတဲ့ ပြည်မတစ်နေရာမှာ နေစရာမြေနေရာ ပေးလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီကေဘီအေခေါ်ဆောင်ရာကို မလိုက်သေးဘဲ စောင့်စားနေခဲ့ကြတယ်။
ဖေဖော်ဝါရီ ၂၁ ရက်မှာတော့ လှည်းကူးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီလွှတ်တော် ကိုယ်စားလှယ်က သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၁၅၇ စုကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ နယ်ရှိ မင်းကုန်းကျေးရွာအုပ်စု၊ ၀ါးယားကုန်းကျေးရွာအနီးမှာ မြေကွက်တွေချထားပေးမယ်လို့ ပြောဆိုခဲ့ပါ တယ်။
မတ်လ ၂၇ ရက်မှာတော့ ရွာသားတွေဟာ ၀ါးယားကုန်းကျေးရွာအနီးကို ပြောင်းရွှေ့ခဲ့ကြပါတယ်။
သို့ပေမယ့် မတ်လ ၂၉ ရက်မှာတော့ ၎င်းတို့ကို နေရာချထားပေးတဲ့ မြေကွက်တွေဟာ အပိုင်ပေးထား တာမဟုတ်သလို မူလကပြောထားတဲ့အတိုင်း အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့မှုမရှိဘဲ သောက်သုံးရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက်လည်း အာမခံချက်မရှိတဲ့အတွက် အိမ်ထောင်စု ၆၄ စုဟာ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းဆီကို ပြန်လည် ရွှေ့ပြောင်းခဲ့ကြတယ်။
ထို့နောက်မှာတော့ ပြေးစရာမြေမရှိ ဖြစ်နေကြတဲ့ ရွာသူရွာသားတွေဟာ ဒီကေဘီအေနောက်ကို လိုက်ဖို့ စိတ်ဒုံးဒုံးချခဲ့ကြတယ်။ ဧပြီ ၂ ရက်၊ နံနက် ၄ နာရီခန့်မှာ သမီးကလေးကျေးရွာသား ၂၀၀ ခန့်ဟာ မိမိတို့ ရဲ့ ရှိစုမဲ့စုပစ္စည်းလေးတွေကို ထုပ်ပိုးပြီး မိမိတို့ တစ်ကြိမ်တစ်ခါမျှ မနေထိုင်ခဲ့ဖူးတဲ့ မိမိတို့အတွက် သူစိမ်း ပြင်ပြင်နေရာဖြစ်တဲ့ ကရင်ပြည်နယ်သို့ ထွက်ခွာခဲ့ကြတယ်။ သမီးကလေးရွာသားတွေဟာ မိမိတို့ရဲ့ဘ၀ တစ်ဆစ်ချိုးမှာ နေထိုင်ရမယ့် နေရာသစ်မှာ အဆင်မှပြေပါ့မလား၊ ဘယ်လိုအခက်အခဲတွေများ တွေ့ရ လေမလဲလို့ တွေးတောပူပန်ရင်း ဗိုလ်မှူးကြီးစောသန်းအောင် စီစဉ်ပေးတဲ့ ဆယ်ဘီးကားကြီးတွေပေါ်မှာ စီးနင်း လိုက်ပါသွားခဲ့ပါတယ်။
သို့ပေမဲ့ ထိုနေ့ မွန်းလွဲတစ်နာရီခန့်မှာ သထုံမြို့နဲ့ ဘားအံမြို့အစပ် ဒုံသမိချောင်းကူးတံတားအရောက်မှာ တော့ သမီးကလေးကျေးရွာမှ ဒုက္ခသည်တွေ စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်တွေကို ကရင်ပြည် နယ်အစိုးရ၀န်ကြီးချုပ်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ဒေသ၀န်ကြီးတို့ရဲ့ အမိန့်အရဆိုပြီး ရှေ့ဆက်မသွားဖို့ တား ဆီးခြင်းခံကြရတယ်။
သမီးကလေးကျေးရွာမှ ဖယ်ရှားခံခဲ့ကြရတဲ့ ဒုက္ခသည်တွေဟာ ဧပြီ ၂ ရက် ည ၇ နာရီလောက်မှာမှ ဒုံသ မိချောင်းကူးတံတားကို ဖြတ်သန်းခွင့်ရခဲ့ပါတယ်။ ထို့နောက်မှာတော့ ကားတန်းဟာ မွန်ပြည်နယ် ကျိုက် မရောမြို့ရှိ ဆုတောင်းပြည့်ဘုရားကြီးမှာ ခေတ္တ ရပ်နားခဲ့ကြပါတယ်။
ဧပြီလ ၁ ရက်ကလည်း သမီးကလေးရွာသားတွေကို ရက်ပေါင်း ၅၀ ခန့် ခိုလှုံခွင့်ပေးခဲ့တဲ့ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကို အလိုင်နီဆယ်ဧရိယာနဲ့ မလွတ်တဲ့အတွက် ပြောင်းရွှေ့ပေးရမယ်ဆိုတဲ့ သတိပေးစာ ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၃ ရက်အထိရရှိတဲ့ သတင်းအရ အဆိုပါဒုက္ခသည်တွေဟာ ကျိုက်မရောဘုန်းကြီးကျောင်းမှာ ခိုလှုံနေ ပြီး ဘုန်းကြီးကျောင်းက ကျွေးမွေးထောက်ပံ့တယ်လို့ သိရပါတယ်။
သမီးကလေးကျေးရွာ ဖယ်ရှားခဲ့ရတဲ့အကြောင်းအရင်းကတော့ ထိုရွာဟာ တပ်မတော် ကျောင်းကြီးသုံး ကျောင်းရဲ့ တပ်ပိုင်မြေပေါ်မှာ ကျူးကျော်နေထိုင်တာ ဖြစ်တဲ့အတွက် ဖယ်ရှားခံရတာလို့ ဆိုပါတယ်။ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဇန်န၀ါရီ ၃၁ ရက်နေ့စွဲနဲ့ စာထုတ်ပြီး ကျေးရွာကို ဖယ်ရှာပေးဖို့ အမိန့် ထုတ်ခဲ့တာပါ။
တကယ်တော့ သမီးကလေးကျေးရွာဟာ အနည်းဆုံး ၂၀၀၀ ပြည့်နှစ်ကတည်းက ထိုနေရာမှာ တည်ရှိ နေတယ်ဆိုတဲ့ အထောက်အထားတစ်ရပ် အခိုင်အမာ ရှိနေပါတယ်။ ၂၀၀၀ ပြည့်နှစ်က တည်ဆောက် ပြီးစီးခဲ့တဲ့ လဂွမ်းပြင် ရေလှောင်တမံစီမံကိန်း ကမ္ဗည်းကျောက်စာမှာ ထိုရေလှောင်တမံဟာ လှည်းကူး မြို့နယ် သမီးကလေးကျေးရွာအနီးမှာ တည်ရှိတယ်လို့ အတိအလင်း ရေးသားထားပါတယ်။
သို့ပေမယ့်လည်း ရွှေတိဂုံစေတီတော် ခြေရင်းမှာရှိတဲ့ သွေးဆေးကန်နားအထိပင် တပ်ပိုင်မြေ မကျူးကျော် ရဆိုတဲ့ ဆိုင်းဘုတ်မျိုးတွေ စိုက်ထူထားတဲ့ မြန်မာနိုင်ငံမှာ တပ်ပိုင်မြေတွေ ဘယ်မျှအထိ များပြားနေသလဲ ဆိုတာကို မေးခွန်းထုတ်စရာရှိနေပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ရေးပါတီက နေရာချပေးထားတဲ့ မြေနေရာဟာ မိမိတို့အတွက် အဆင်မပြေတဲ့အတွက် ထိုနေရာမှာမနေဘဲ ဒီကေဘီအေခေါ်ဆောင်ရာကို လိုက်ပါသွားကြတဲ့ သမီးကလေးကျေးရွာသားတွေကို လမ်းခရီးမှာ တားဆီးပိတ်ပင်နေတဲ့လုပ်ရပ်တွေဟာ ဘယ်နည်းနဲ့မှ သွေးရိုးသားရိုးမဟုတ်နိုင်ဘဲ အာဏာ ပိုင်တွေဘက်က မိမိတို့ကို အာခံတယ်ဆိုတဲ့သဘောမျိုးနဲ့ ဒဏ်ခတ်ဖို့ လုပ်နေတာလားဆိုတဲ့ မေးခွန်းတစ် ခုလည်း ပေါ်ပေါက်လာပါတယ်။
ယခုနောက်ဆုံးရရှိတဲ့ သတင်းအရကတော့ သမီးကလေးကျေးရွာမှာ ဒုက္ခသည်တွေဟာ ဧပြီ ၅ ရက် ည နေမှာ မြ၀တီမြို့ကိုရောက်ရှိပြီး ဖားခြောက်တောင် ဘုန်းကြီးကျောင်းမှာ တည်းခိုနေကြတယ်လို့ သိရပါ တယ်။ သူတို့ဟာ နောက်နေ့မှာ ကျောက်ခတ်ရွာကို ခရီးဆက်ကြပါတယ်။
တစ်ချိန်တည်းမှာလည်း သမီးကလေးကျေးရွာမှ ရွာသူရွာသားတွေကို ရက်ပေါင်း ၅၀ ခန့် လက်ခံ ခိုလှုံခွင့် ပေးခဲ့တဲ့ အောင်သိဒ္ဓိဘုန်းကြီးကျောင်းကို အလိုင်နီဆည်ဧရိယာနဲ့ မလွတ်တဲ့အတွက် ပြောင်းရွှေ့ပေးဖို့ သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။ တကယ်ကတော့ အောင်သိဒ္ဓိဆရာတော်ဟာ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးပါ။ အာဏာနိုင်ငံရေးကို လုပ်နေသူမဟုတ်ပါဘူး။
ဆရာတော်ဟာ ဗုဒ္ဓရဲ့အဆုံးအမကို လိုက်နာပြီး ဒုက္ခရောက်နေသူတွေကို ကူညီခဲ့သူပါ။ ထိုလုပ်ရပ်ကို ပြစ်မှုကြီးတစ်ခုသဖွယ် သဘောထားပြီး အောင်သိဒ္ဓိဘုန်းကြီးကျောင်းကို ဖယ်ရှားဖို့ အထက်အောက်အ တိုင်အဖောက်ညီညီ ဆောင်ရွက်တဲ့သဘောမျိုးပေလားလို့ စဉ်းစားစရာ ဖြစ်ပါတယ်။
တကယ်တော့ သမ္မတဦးသိန်းစိန်အနေနဲ့ အခွင့်အခါသင့်တိုင်းမှာ ပြည်သူကို ဗဟိုပြုမှု၊ လူ့အခွင့်အရေး လေးစားလိုက်နာရေး၊ ဒီမိုကရေစီတည်ဆောက်မှုကို နောက်ပြန်မဆုတ်မှု၊ နိုင်ငံရေးယဉ်ကျေးမှုအသစ် ပေါ်ပေါက်နေပြီဆိုတဲ့ ပြောစကားတွေကို တစ်ဖွဖွပြောနေချိန်မှာ ခြစ်ခြစ်တောက်ပူလောင်လှတဲ့ နေရောင် အောက်မှာ ရှိစုမဲ့စုအထုပ်အပိုးလေးတွေကို သယ်ဆောင်ရင်း ကလေးငယ်လေးတွေကို ချီပိုးကာ ဂျစ်ပစီ တွေသဖွယ် ရွှေ့ပြောင်းသွားလာနေကြရတဲ့ သမီးကလေးကျေးရွာသားတွေရဲ့အဖြစ်ဟာ ရင်နင့်စရာ ကောင်းလှပါတယ်။
တကယ်တော့ “ဒီမိုကရေစီလူ့ဘောင် တည်ဆောက်နေပါတယ်”ဆိုတဲ့ ယနေ့အချိန်မှာ သမီးကလေး ကျေးရွာလို အဖြစ်မျိုးတွေဟာ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမှ ဆက်မဖြစ်သင့်တော့ပါဘူး။
banner
Previous Post
Next Post

0 comments: