Wednesday, June 22, 2016

ကွမ်း ခုတ်ရာမလွဲစေဖို့

ကွမ်း ခုတ်ရာမလွဲစေဖို့

   အစိုးရသစ်၏ ကွမ်းနှိမ်နှင်းရေးက ခြေလှမ်းပင် မစသေး ဝေဖန်သံတို့ ပွက်လောရိုက်လာသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပင် မနေသာ ကြားဝင်ရပြီ ဖြစ်သည်။ ကွမ်းပြဿနာကို အဓမ္မ မဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်

  အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဦးဆောင်သည့် ကယားက စသည်။
ကွမ်းယာဆိုင်များ ပိတ်သိမ်းရန် ကယားပြည်နယ် အစိုးရက စီစဉ်ဆောင်ရွက်နေမှုအပေါ် လုပ်ကိုင်ပုံ နည်းလမ်းမကျဟု ဆိုကာ ကန့်ကွက်သံများ ထွက်ပေါ်လာပြီး ယင်းသို့ အဓမ္မ မဖြေရှင်းရန် ကြားဝင်ဟန့်တားရခြင်း ဖြစ်သည်။
ရက်တစ်ရာ မပြည့်သေးသည့် အစိုးရသစ်မှာ လုပ်ပုံကိုင်ပုံ နည်းနာများကို လူထုအသံ နားစွင့်ရင်း ခပ်ဆဆ ကိုင်တွယ်နေဟန် ရှိသည်။

ပြည်ထောင်စုဝန်ကြီးအချို့၏ ပြောစကားအတွက် လူသိရှင်ကြား ပြန်လည်တောင်းပန်ရမှုမျိုး ရှိသလို ရန်ကုန်ဝန်ကြီးချုပ်၏ နှုတ်မိန့်ဆိုသော ည ၁၁ နာရီ နောက်ဆုံးထား၍ စားသောက်ဆိုင်များ ပိတ်သိမ်းမည့် သတင်းကိုလည်း အပူတပြင်း ငြင်းချက်ထုတ်ခဲ့ရသေးသည်။
ယခု ကယားက စသည့် ကွမ်းပြဿနာတွင်မူ ဒေါ်အောင်ဆန်းစုကြည်ပါ ဝင်ပါလာရခြင်း ဖြစ်သည်။
ကွမ်းစားသုံးခြင်းသည် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေနိုင်သည့်အပြင် စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးမှုများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေနိုင်သဖြင့် ကွမ်းစားသုံးမှု ကျဆင်းပပျောက်ရေး အမြန်အကောင်အထည်ဖော်ရန် ဇွန်လ အစောပိုင်းခန့်က ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်တစ်ခု ထွက်ပေါ်ခဲ့သည်။ အဆိုပါ ညွှန်ကြားချက်နှင့် မရှေးမနှောင်းပင် ကွမ်းယာဆိုင်များ ပိတ်သိမ်းမည့် အစီအစဉ်ကို ကယားကစ၍ တိုင်းနှင့်ပြည်နယ်အချို့တွင် သတင်းထွက်ခဲ့ပြီး ပြည်သူအများစုက ကန့်ကွက်ခဲ့သည်။ သမ္မတရုံး၏ စစ်တမ်းအရဆိုလျှင် အစိုးရ၏ ကွမ်းနှိမ်နှင်းရေး မူဝါဒကို ထောက်ခံသော်လည်း လုပ်နည်းကို မထောက်ခံသူက အများစု ဖြစ်နေသည်။
ကွမ်းသာမက လောင်းကစားနှင့် မူးယစ်ဆေးဝါး အရက်သေစာများကိုပါ ထိထိရောက်ရောက် ထိန်းချုပ်ရန် ဆန္ဒပြုသူက အများစုဖြစ်ကြောင်း သမ္မတရုံး စစ်တမ်းတွင် တွေ့ရှိရသည်။
အကယ်စင်စစ် ကွမ်းနှိမ်နှင်းရေး အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားနှင့်လည်း ထပ်တူကျပေလိမ့်မည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကစ၍ သူ၏ လွှတ်တော်တွင်း ကာလများ၌ နီးစပ်သူများကို ကွမ်းမစားရန် ဒေါ်အောင်ဆန်းစုကြည်က တားမြစ်လေ့ရှိသည်။
သို့တစေ ဒေါ်အောင်ဆန်းစုကြည်၏ တားမြစ်ချက်သည်ပင် ရာနှုန်းပြည့် အသက်မဝင်ပါ။
သူ၏ အပါးတော်မြဲအချို့ ကိုယ်တိုင် ကွမ်းစားခြင်းအလေ့ကို မပယ်ဖျောက်နိုင်ဘဲ ထိပ်တိုက်တိုးသည့်အခါ ဆူပူခံရတတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အပါးတော်မြဲ အချို့က ထုတ်ဖော်ပြောဆိုဖူးသည်။
သမ္မတရုံး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို နိုင်ငံတော်သမ္မတရုံး၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ဦးဇော်ဌေးက ကွမ်းနှိမ်နှင်းရေးကို တစ်ဆင့်ချင်း လုပ်ဆောင်မည် ဖြစ်ကြောင်း The Voice သို့ ပြောဆိုသည်။
ကွမ်းဖြင့် အသက်မွေးဝမ်းကျောင်းနေသူများကို အခြားသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်စေရန် အစီအစဉ် ရှိသော်လည်း ကွမ်းယာဆိုင်များ ပိတ်ပစ်ခြင်းမျိုး ချက်ခြင်းလုပ်ဆောင်မည် မဟုတ်ဘဲ ပညာပေးစည်းရုံးသည့် အဆင့်က စမည်ဟု သူက ဆိုသည်။
“ချက်ချင်းပြောင်းဆိုရင် ဘယ်လုပ်လို့ ရမလဲ”ဟု ဦးဇော်ဌေးက မှတ်ချက်ပြုသည်။
အစိုးရရုံးများနှင့် စာသင်ကျောင်းများတွင် ကွမ်းစားသုံးမှု တားမြစ်ခြင်း၊ စာသင်ကျောင်း ဆေးရုံများအနီး ကွမ်းယာဆိုင်များ ဖွင့်လှစ်ခွင့် ကန့်သတ်ခြင်းစသည့် အစီအမံများလည်း ဆောင်ရွက်နိုင်ကြောင်း ဦးဇော်ဌေးက ထပ်လောင်း ပြောဆိုသည်။
“တဖြည်းဖြည်းနဲ့ ထိန်းချုပ်သွားရမှာပေါ့” ဟု အစိုးရ၏ အစီအစဉ်ကို ဦးဇော်ဌေးက ရှင်းပြသည်။
အခြားတစ်ဖက်တွင်လည်း ကွမ်းနှိမ်နှင်းခြင်းကို ကြိုဆိုပြီး လုပ်ထုံးလုပ်နည်း မှန်ကန်ရန် အကြံပြုသူများ ရှိသည်။
ပြည်တွင်းရှိ ကွမ်းသုံးဆေး အများစု၏ ရင်းမြစ်ဖြစ်သော အိန္ဒိယနိုင်ငံသို့ သွားရောက်လေ့လာဖူးသူ ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်နေသည့် ဦးထိန်လင်းအောင်က ကွမ်းနှင့် ပတ်သက်၍ သူ၏ အကြံပြုချက်ကို ထုတ်၍ပြောဆိုသည်။
“ကွမ်းယာဆိုင်တွေ ပိတ်ပစ်ဖို့ထက် ကွမ်းစားဆေးရဲ့ အန္တရာယ်ကို ကွမ်းစားသူတွေ သိလာအောင် ပညာပေးစည်းရုံးဖို့ လိုပါတယ်။ ဒါ့အပြင် တစ်ဖက်က မှောင်ခိုဝင်ရာ လမ်းကြောင်းဖြစ်တဲ့ ကုန်းရေလေ အားလုံးကို တင်းကျပ်ဖို့ လိုပါတယ်” ဟု ဦးထိန်လင်းအောင်က အကြံပြုသည်။
ကွမ်းစားဆေး အများစုမှာ တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်နေပြီး ယင်းကို ထိန်းချုပ်ရန်လိုကြောင်း ၄င်းက ပြောလိုခြင်း ဖြစ်သည်။ တစ်ဖန် ပြည်တွင်းသို့ ၀ဝ်ရောက်နေသည့် ကွမ်းစားဆေး အများစုမှာလည်း ထုတ်လုပ်သည့် အိန္ဒိယနိုင်ငံက သတ်မှတ်သော စံချိန်စံညွှန်းများနှင့် မကိုက်ညီဘဲ ဆေးအတုများသာ ဖြစ်ကြောင်း အဆိုပါ ကွမ်းစားဆေး ထုတ်လုပ်သည့် အိန္ဒိယနိုင်ငံ၏ စက်ရုံသို့ ကိုယ်တိုင် သွားရောက်လေ့လာဖူးသူ ဦးထိန်လင်းအောင်က ရှင်းပြသည်။
ကွမ်းစားဆေးများ မှောင်ခိုလမ်းကြောင်းကို အဓိက အသုံးပြုနေခြင်းမှာ အစိုးရဟောင်းက ယင်းသွင်းကုန်အပေါ် အခွန် ၁၂၀ ရာခိုင်နှုန်း စည်းကြပ်ခြင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) ၏ ထောက်ခံချက် လိုအပ်ခြင်းတို့ကလည်း တစ်စိတ်တစ်ပိုင်း အကြောင်းတစ်ရပ် ဖြစ်သည်။
ကွမ်းသည် မြန်မာ့ဓလေ့တစ်ခု ဖြစ်သည်။
အလှူအတန်းများတွင် ဆွမ်းကွမ်းဟူ၍ ဆွမ်းသာမက ကွမ်းပါရသလို မြန်မာတို့၏ အလှဆုံး သမီးပျိုများသည်လည်း ကွမ်းနှင့်တွဲ၍ ကွမ်းတောင်ကိုင်ဟု ခေတ်အဆက်ဆက် ထင်ရှားခဲ့ကြသည်။ မြန်မာများသာမက တိုင်းရင်းသားများလည်း ကွမ်းကို အစဉ်အဆက် နှစ်နှစ်ခြိုက်ခြိုက် စားသုံးလျက် ရှိသည်။
ရုပ်ဆင်းရူပကာ သာမက ကိုယ်ကျင့်တရားနှင့် မျိုးရိုးဂုဏ်ပြည့်စုံသူများသာ ကွမ်းတောင်ကိုင်ဖြစ်ခွင့် ရှိသည်။
ကွမ်းက ဤမျှ သြဇာကြီးပါသည်။
ထိုကွမ်းကို နှိမ်နှင်းဖို့ဆိုပါလျှင် အစိုးရသစ်က အချိန်ယူရဖွယ်ရှိသည်။
“ကွမ်းစားမှု လျော့နည်းပပျောက်အောင်တော့ ဆက်လုပ်မှာပါ။ အခြေအနေကို စောင့်ကြည့်ပြီး တစ်ဆင့်ချင်း လုပ်သွားဖို့ ဖြစ်ပါတယ်” ဟု အစိုးရ၏ အစီအစဉ်ကို ဦးဇော်ဌေးက ရှင်းပြသည်။
ကွမ်းကြောင့် ခံတွင်းနှင့်ဆိုင်သော ကင်ဆာရောဂါများအထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသော်လည်း ယင် ဖြစ်ရပ်များမှာ အိန္ဒိယ အခြေစိုက် ကွမ်းစားဆေးများ ပြည်တွင်းသို့ ဖောဖောသီသီ ဝင်ရောက်လာပြီးနောက် မကြာခဏ ကြားသိလာရသော ပြဿနာ ဖြစ်သည်။
ရှေးမြန်မာများ အစဉ်အဆက် ကွမ်းရွက်၊ ထုံးဖြူ၊ ကွမ်းသီးစိတ်နှင့် ဒေသထွက် ဆေးရွက်ကြီးတို့ဖြင့် စားသုံးစဉ်က ကျန်းမာရေး ဘေးထွက်ဆိုးကျိုး အသံများ ဤမျှ ကြားရသည် မရှိ။ လက်ရှိ ဈေးကွက်အတွင်း တွင်ကျယ်နေသော ပြည်ပနိုင်ငံထုတ် ကွမ်းစားဆေးများက အဓိက တရားခံဟု ယူဆဖွယ်ဖြစ်သည်။
“ပိုဆိုးတာက အိန္ဒိယက ကွမ်းစားဆေးအတုကို ထပ်တုပြီး မြန်မာမှာ အတုထုတ်တာ။ အတုပေါ် အတုဆင့်လို့ ဆိုးကျိုးတွေ ဆင့်နေတာက ရင်နင့်စရာ ဖြစ်ပါတယ်” ဟု ဦးထိန်လင်းအောင်က မှတ်ချက်ပြုသည်။
ယင်းပြဿနာကို ဖြေရှင်းရန် အစိုးရကိုယ်တိုင် ဘေးထွက်ဆိုးကျိုး အနည်းဆုံး ဖြစ်နိုင်မည့် ကွမ်းစားဆေး တစ်မျိုးကို ပြည်တွင်း၌ တရားဝင် ထုတ်လုပ်၍ ကွမ်းစားဆေး အတုများကို အစားထိုးရမည် ဖြစ်ကြောင်း သူက အကြံပြုသည်။
ကွမ်းတောင်ကိုင် အလေ့အထ အတော်အတန် မှေးမှိန်လာပြီ ဖြစ်သော်လည်း ကွမ်းစားခြင်း အလေ့က ပို၍ကျယ်ပြန့်လာသည်။
ကွမ်းဝါးခြင်းမှာ အရည်မရ အဖတ်မရ ဖြစ်သော်လည်း အရသာတစ်ခု ရှိကြောင်း ပြောဆိုဖူးသည့် စာရေးဆရာ သုမောင်၏ ကွမ်းစကားစာစုများ ပရိသတ်အကြိုက် တွေ့ခဲ့သည်။ အလှူမင်္ဂလာအစ ရိုးရာအခမ်း အနားများ အဆုံးကွမ်းက မြန်မာတို့အတွက် မရှိမဖြစ် အဆောင်အယောင်။
“ဈေးကွက်ထဲက အန္တရာယ်ရှိ ကွမ်းစားဆေးများ ပပျောက်သွားအောင် ယခုငါးနှစ်မှာ လုပ်နိုင်ရင်ဖြင့် ကွမ်းစားသူ အပေါင်းက အစိုးရသစ်ကို ကျေးဇူးတင်ရမှာ” ဟု ဦးထိန်လင်းအောင်က ဆိုသည်။
ယခင် တပ်မတော်အစိုးရ လက်ထက်ကလည်း ကွမ်းစားခြင်းကို တိုက်ဖျက်ရန် စီမံချက်ဖြင့် ကြိုးပမ်းခဲ့ဖူးပါသည်။ မြန်မာပြည်၏ ကွမ်းတောင်ကိုင်ဟု တင်စားနိုင်သော ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက ကွမ်းဓလေ့ကို တိုက်ဖျက်ရန် ခြေလှမ်းစလေပြီ။
crerdit:thevoicemyanmar 

banner
Previous Post
Next Post

0 comments: