မန်ချက်စတာ စီးတီးအသင်းတွင် လက်ရွေးစင် အသင်းမှ ကစားဖော် ယာယာတိုရေးနှင့် တွဲဖက်ပြီး ဂိုးများစွာ သွင်းယူနိုင်ရန် မျှော်လင့်ထားကြောင်း ဝီလ်ဖရိုဒ် ဘိုနီက ပြောကြားခဲ့သည်။
ဆွမ်ဆီးစီးတီး အသင်းမှ တိုက်စစ်မှူးသည် ယမန်နေ့ ညပိုင်းက မန်စီးတီးသို့ ပေါင်စတာလင် (၂၅)သန်းဖြင့် အတည်ပြု ရောက်ရှိလာခဲ့သည်။ ဘိုနီသည် မန်စီးတီးနှင့် (၄)နှစ်ခွဲ သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး အစ်တီဟတ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ထိ ရရှိမည်ဟု သိရသည်။ ယခုအခါ မန်စီးတီးသည် (၂၀၁၄)ခုနှစ်အတွင်း ပရီးမီးယားလိဂ်၌ သွင်းဂိုးအများဆုံး ရရှိသူ (၃)ဦးကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဘိုနီနှင့် ကွင်းလယ်လူ တိုရေးတို့အပြင် တိုက်စစ်မှူး ဆာဂျီယို အဂူရိုသည်လည်း ပြီးခဲ့သည့် နှစ်အတွင်း အထူးတလည် ခြေစွမ်းပြခဲ့သည်။
အသက်(၂၆)နှစ်ရှိ ဘိုနီသည် ဟာဗီဂါစီယာ နောက်ဆုံးဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၁၄) ဂျာစီကို မန်စီးတီးတွင် ဆက်ခံသွားမည် ဖြစ်သည်။ “ကျွန်တော့်အတွက်တော့ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုမှု တစ်ရပ်ပါပဲ။ ဒါပေမဲ့ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ဆိုတာကိုလည်း သဘောပေါက်ပါတယ်။ ကစားသမား တစ်ယောက် အနေနဲ့ ကမ္ဘာပေါ်က အကြီးကျယ်ဆုံး အသင်းတစ်ခုခုရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်ရခြင်းဟာ အမြဲတမ်း ကျေနပ်စရာပါ။ အခုကျွန်တော် ဒီအခွင့်အရေးကို ရလာပါပြီ။ ဒီအတွက် ဂုဏ်ယူပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ ကစားနေပါတယ်။ ပြီးခဲ့တဲ့ ရာသီကုန်က ကျွန်တော် ပြောခဲ့တာကို ခင်ဗျားတို့ မှတ်မိဦးမှာပါ။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အသင်းတစ်ခုခုကို ကျွန်တော် ပြောင်းဖြစ်ချင်တယ် ဆိုတာကိုလေ။ ချန်ပီယံလိဂ်မှာ ကျွန်တော် တကယ်ပဲ ပါဝင်ကစားပြီး အောင်မြင်မှုတွေလည်း ရရှိချင်ပါတယ်”ဟု ဘိုနီက ဆိုသည်။
၎င်းက အိုင်ဗရီကို့စ် လက်ရွေးစင် အသင်းဖော် တိုရေးနှင့် ပတ်သက်ပြီး “နိုင်ငံလက်ရွေးစင် ပွဲတွေရှိတိုင်း သူနဲ့ကျွန်တော် စကားပြောဖြစ်ပါတယ်။ သူ့ကြောင့် ကျွန်တော်ဟာ ပိုကောင်းတဲ့ ကစားသမားတစ်ယောက်၊ ပိုထက်မြက်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာပါတယ်။ အခုကျွန်တော် မန်စီးတီးမှာ တကယ့် ထိပ်တန်း ကစားသမားတွေနဲ့ အတူလက်တွဲ ကစားရပါမယ်။ ကျွန်တော်ကတော့ အချိန်တိုင်း ကြိုးကြိုးစားစား လေ့ကျင့်ပြီး ကိုယ်ရလာတဲ့ အခွင့်အရေးတိုင်းကို အကောင်းဆုံး အသုံးချသွားမှာပါ”ဟု ဘိုနီက ဖွင့်ဟသွားသည်။
0 comments: